ငှက်ပျောသီး ကောက်ညှင်းထုတ်
မြန်မာသရည်စာလေးတွေ ဘယ်အချိန်စားစား နှစ်နှစ်ခြိုက်ခြိုက် စားတတ်တာမို့လို့ ကောက်ညှင်းထုတ်ကလဲ စားချင်တယ် ငှက်ပျောရွက်ကလဲ အဆင်သင့် မရှိလေတော့ ဒီတခါတော့ ဝါးရွက်နဲ့ထုတ်တဲ့ ကောက်ညှင်းထုတ်ထုတ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
ကောက်ညှင်းဆန် - 1kg
ဖီးကြမ်းငှက်ပျောသီး - အလုံးကြီးကြီး ၅လုံး
ဝါးရွက် သို့မဟုတ် ငှက်ပျောရွက် - လိုသလောက်
အုန်းသီးမှုန့် - လိုသလောက်
ဆား - လက်ဖက်ရည်ဇွန်း တဝက်
အုန်းနိုခပ်ပျစ်ပျစ်- ထမင်းစားဇွန်း လေးဇွန်း
ကောက်ညှင်းဆန် ပြင်ဆင်ပုံ
ကောက်ညှင်းဆန်ကို ရေမြုပ်အောင်ထည့်ပြီး အနည်းဆုံး ၁၂နာရီလောက် ရေစိမ်ထားပါ
ကောက်ညှင်းထုတ် ထုတ်ခါနီးပြီဆိုပါက ဇကာတခုထဲ သွန်ချကာ ရေစစ်ထားပါ
ထုတ်မည့်အရွက် ပြင်ဆင်ပုံ
ငှက်ပျောရွက် သုံးမယ်ဆိုပါက တပေပါတ်လည် အရွယ်တူ ဖြတ်ပြီး မီးနှင့်မထိဘဲ ခပ်ဝေးဝေးကနေ ကင်ပြီး အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
ဝါးရွက်အစိုကိုသုံးလျှင် အ၀တ်သန့်သန့်နှင့် သုပ်ထားပါ
ဝါးရွက်အခြောက်ကို သုံးပါက ရေနွေးဆူအောင်ကျိုပြီး ၀ါးရွက်များ မြုပ်အောင်ထည့်၍ တညစိမ်ထားပေးပါ
ကောက်ညှင်းထုတ် မထုတ်ခင် ၀ါးရွက်ကို ရေခြောက်အောင် သုပ်ထားပါ
အုန်းသီးခြစ်ရန်
အုန်းသီးတခြမ်းကို အသားခပ်ထူထူရအောင် ခြစ်ထားပြီး ဆားနှင့်ခပ်ဖွဖွ နယ်ထားပါ
ခြစ်ပြီးသား သုံးပါက မိမိနှစ်သက်သလောက်ကို ရေနွေးပူပူနှင့် နာရီဝက်လောက် နှပ်ထားပါ
ငှက်ပျောသီး ပြင်ဆင်ရန်
ငှက်ပျောသီးကို အခွံခွာပြီး ထက်ခြမ်း ခြမ်းထားပေးပါ
ငှက်ပျောသီး အရမ်းမမှည့်ပါက ဆားအနည်းငယ်ထည့်ပြီး လက်နှင့်အနည်းငယ် ဖိညှစ်ပေးပါ
ကောက်ညှင်းထုတ်ရန် ပြင်ဆင်ပုံ
ဝါးရွက် ၂ရွက်ကို တရွက်နှင့်တရွက် လက်နှစ်လုံးလောက်စီ ထပ်တင်ပေးပါ
ထိုဝါးရွက်ပေါ်မှာ ကောက်ညှင်းဆန်ကို ထမင်းစားဇွန်းနှစ်ဇွန်းခန့်
ကောက်ညှင်းဆန်အပေါ်မှ ငှက်ပျောသီး နှစ်ခြမ်းကို ဖြန့်တင်ပေးပါ
ငှက်ပျောသီးအပေါ်မှ ကောင်ညှင်းဆန် အနည်းငယ် ထပ်အုပ်ပေးပြီး အပေါ်မှ ၀ါးရွက်ကို အုပ်ပေးပါ
ဘေးနှစ်ဖက်စီမှ အစကို တခုပေါ်တခု ထပ်ပြီးအုပ်ပေးကာ အောက်ဖက်မှ အစကို အပေါ်သို့ ခေါက်ပေးပါ
ထိုသို့ ခေါက်ပြီးပါက ခေါက်ထားသောအစကို အောက်ဖက်မှာထားပြီး ကောက်ညှင်းထုတ်ကို ထောင်ပြီး ဖင်ဘက်မှ အောက်ကို သုံးချက်လောက် စောင့်လိုက်ပါ
ကောက်ညှင်းများ ပွမနေစေရန် ထိုကဲ့သို့ စောင့်ပြီးပါက အပေါ်ဖက်မှ ၀ါးရွက်ကို ဇွန်းရှည်ရှည်နှင့် အသာဟပေးပြီး ကောက်ညှင်းထုတ်ထဲမှာ ပေါ်နေသည့် ငှက်ပျောသီးကို အုပ်သွားစေရန် ကောက်ညှင်းဆန်ကို ထမင်းစားဇွန်း တဇွန်းခွဲလောက် ထပ်ထည့်ပေးပါ
ကောက်ညှင်းဆန် ထည့်ပြီးတာနဲ့ အောက်ဖက်မှ ခေါက်ထားသော ၀ါးရွက်ထိပ်အစကို ထုတ်လို့ကောင်းစေရန် ခပ်ညီညီလေး ဖြစ်အောင် ကပ်ကြေးနှင့် ညှပ်ပေးပါ
နောက်တဖက်ကိုလဲ အောက်ဖက်မှ ခေါက်ထားသော အရွက်ကို အုပ်မိစေရုံဘဲထားပြီး ပိုနေသောအစကို ညှပ်ထုတ်ပြစ်ပါ
ပြီးတာနဲ့ တခုနှင့်တခု ထပ်ပြီးအုပ်ကာ ကောက်ညှင်းဆန် ကုန်တဲ့အထိ ထုတ်ပေးထားပါ
ကောက်ညှင်းအားလုံးကုန်တာနဲ့
ခြည်သောကြိုးများကို တင်းနိုင်သမျှ တင်းအောင် စည်းပေးပါ
ကြိုးခြည်တာ မတင်းပါက ကောက်ညှင်းထုတ်ထဲမှ ကောက်ညှင်းများကက စေးမနေဘဲ ဖွယ်တယ်တယ်ကြီး ဖြစ်နေတတ်ပါတယ်
ငှက်ပျောရွက်နှင့် ထုတ်မည်ဆိုပါက ဤနည်းအတိုင်း ထုတ်ပေးပါ
ကောက်ညှင်းထုတ်ပြုပ်ရန်
အြိးသားထူသော အိုးထဲမှာ ကောက်ညှင်းထုတ်ကို ရသလောက် စီပြီးထည့်ပါ
ကောက်ညှင်းထုတ်များကို ရေမြုပ်အောင်ထည့်ပြီး ရေဆူအောင် တည်ပေးပါ
ရေဆူတာနဲ့ အဖုံးအုပ်ကာ ကောက်ညှင်းထုတ်ကြီးလျှင် တနာရီလောက် ပြုပ်ပေးပါ
ပြုပ်နေစဉ် ရေလျှော့သွားပါက ရေထပ်ဖြည့်ပေးပါ
တနာရီလောက်ဆို စေးထန်းပြီး ချိုမွှေးနေသော ငှက်ပျောသီး ကောက်ညှင်းထုတ် ရပါပြီ
ဝါးရွက်များခွာ၍ အုန်းသီးမှုန့်ဖြူးကာ စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ကောက်ညှင်းထုတ်ရန် ငှက်ပျောသီးကို သုံးပါက ရခိုင်င်ငှက်ပျောသီးကို သုံးပါက အရောင် နီရဲရဲလေး ရပါတယ် မာမာကတော့ ရခိုင်ငှက်ပျော မရလို့ ဖီးကြမ်းမကျ ဘာမကျ ငှက်ပျောသီးနဲ့ဘဲ ထုတ်လိုက်ပါကာ သဘာဝအရောင်ကိုဘဲ သုံးထားလို့ အရောင်ဖြူနေပေမဲ့ စားလို့အရသာကောင်းပါတယ်။