မုန့်လက်ကောက် နှစ်ပြန်ကြော် ကြွတ်ကြွတ်မွမွလေး



အပြင်မသွားဖြစ်တဲ့ ရက်တွေတိုင်း အိမ်မှာမြန်မာမုန့်လေးတွေ လုပ်စားရတာ အင်မတန် ပျော်ဖို့ကောင်းပါတယ် ဒီနေ့တော့ မုန့်လက်ကောက်ကို နှမ်းဖြူ ထန်းလျှက်ရည်လေးနဲ့နယ်ပြီး အရသာ တမျိုးယူကာ ကြော်ထားပါတယ်။

ကောက်ညှင်းမုန့်လက်ကောက်ဆိုရင် ကြော်ပြီးတာနဲ့ ပျော့သွားတယ်လို့ ပြောတတ်ကြပါတယ် ကောက်ညှင်းတို့ရဲ့ ထုံးစံမို့လို့ မုန့်လုပ်ရင် ပျော့တတ်တာ သဘာဝပါဘဲ မပျော့အောင် ဘယ်လိုလုပ်ရမလဲဆိုပြီး အကြိမ်ကြိမ် စမ်းသပ်လိုက်တာ ဒီတခါတော့ အောင်မြင်သွားပါပြီ။

မုန့်လက်ကောက်ကို မီးအရမ်းမပြင်းစေဘဲ မီးအနေတော်နဲ့ ပထမတခါကြော်ပြီး ကျက်တာနဲ့ ဆယ်ပြီးဆီစစ်၍ အအေးခံကာ နောက်တကြိမ် မီးအနည်းငယ် ထပ်လျှော့ပြီး မီးအေးအေးနဲ့ ပြန်ပြီးကြော်ပေးခြင်းဖြင့် ကောင်ညှင်းမုန့်လက်ကောက် ကြွတ်ကြွတ် မွမွကြော်လေး ရလာပါလိမ့်မယ်။

မုန့်လက်ကောက်က ကြော်တတ်ပြီး ကြော်နည်းလေးသိရင် စားလို့အရမ်းကောင်းသလို ကြော်လို့လဲ လွယ်ပါတယ် မုန့်စပ်နည်းနဲ့ ကြော်နည်းမကျွမ်းကျင်ရင်တော့ ကြော်တဲ့အခါ အန္တရာယ် နည်းနည်းများပါတယ်။

မကြော်ခင် မုန့်သားစပ်ပြီး အနည်းဆုံး၂နာရီ၃နာရီလောက် မုန့်သားသေအောင် ထားပေးရပါတယ် မုန့်သားမသေရင် ကြော်တဲ့အခါမှာ မုန့်သားက ဆီပေါက်ပြီး ဆီရော မုန့်သားတွေပါ တော်တော် ခပ်ဝေးထိ လွင့်စင်ပြီး ပေါက်တတ်ပါတယ် ဖြစ်နိုင်ရင်တော့ မုန့်လက်ကောက်ကို မုန့်သားစပ်ပြီး ရေခဲသေတ္တာထဲမှာ တညသိပ်ထားပြီးမှ ကြော်တာအကောင်းဆုံး ဖြစ်ပါတယ်။

ဒါကြောင့်မို့ ဆီပူမထိရလေအောင် မုန့်သားသေအောင်ထားပြီးမှ ကြော်တာအကောင်းဆုံးပါ မုန့်သားသေသွားရင်တော့ ကြော်နေစဉ် ဆီပူပေါက်ပြီးမှန်မှာ မကြောက်ရတော့ ဘူးပေါ့နော်။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမှုန့်. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး

ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ ဗူး( ကောက်ညှင်းမှုန့် နယ်ရန်)

နှမ်းဖြူ - ထမင်းစားဇွန်း တဇွန်းခွဲ ( မုန့်သားစပ်ရန်)

ကျိုပြီးပေါက်စေးကျနေသော ထန်းလျှက်ရည် - ထမင်းစားဇွန်း လေးဇွန်းခန့် (မုန့်သားစပ်ရန်)

ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် ၃လုံး
ထန်းလျှက်ခဲ - 200 g

ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး (ထန်းလျှက်ကျိုရန်)

ပြင်ဆင်ပုံ

ကောက်ညှင်းမှုန့်ကို ရေထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးနှင့် နည်းနည်းချင်းထည့်ကာ နယ်ပေးပါ

ကောက်ညှင်းမှုန့်အပေါ်မူတည်ပြီး ရေကို နည်းနည်းချင်းထည့်ပြီး နယ်ပေးပါ

မုန့်သားပျော့ပြီး စေးလာပြီဆိုရင် မုန့်သားအရမ်းမပျော့စေရန် ရေကိုအကုန်မထည့်ဘဲ ချန်ထားလိုက်ပါ

မုန့်သားပျော့လာပါက လေလုံသော ဗူးတခုထဲထည့်ကာ အဖုံးဖုံးထားပြီး ရေခဲသေတ္တာထဲမှာ တညသိပ် ထားပေးပါ 

မုန့်သား တညသိပ်ထားပြီးတာနဲ့ ကျိုထားသော ထန်းလျှက်ရည်နှင့် နှမ်းတို့ထည့်ပြီးနယ်ပေးပါ 

မုန့်သားပြန်စပ်ပြီးတာနဲ့ လက်တဖျစ်စာသာသာ အနေတော်မုန့်သားကိုယူကာ လက်ဖ၀ါး နှစ်ဖက်နဲ့ ပွတ်ပြီး မုန့်သားရှည်ရှည်လေးရတာနဲ့ ထိပ်စ၂ဖက်ကို အ၀ိုင်းလေးလုပ်ကာ ဖိပြီးဆက်လိုက်ပါ

ဆီကို မီးအပူပေးပါ

ဆီပူလာတာနဲ့ မီးကို အနေတော်သို့ လျှော့လိုက်ပါ

မီးပြင်းလွန်းရင် အတွင်းသားတွေ မကျက်ဘဲ အပြင်သားလဲ ကျွမ်းလွယ်ပါတယ်

မီးအနေတော်နဲ့ကြော်နေစဉ် တဖက်ကျက်ရင် တဖက်ကို လှန်ပေးပါ

၂ဖက်လုံး မုန့်သားအရောင် ပြောင်းသွားပြီး ကျွတ်လာပါက ဆယ်ပြီး ဆီစစ်ဇကာထဲထည့်ကာ ဆီစစ်ပေးပါ

ထိုနည်းအတိုင်း မုန့်သားအားလုံးကုန်အောင် ကြော်ပေးပါ

ကြော်ထားသော မုန့်လက်ကောက်များ အေးလာပါက ဆီကို မီးအနည်းငယ် ထပ်လျော့ကာ မုန့်လက်ကောက်များကို တခုခြင်းစီ အိုးဆန့်သလောက် ထပ်ကြော်ပေးပါ

မာပြီးကြွတ်လာတဲ့အထိ စိတ်ရှည်ရှည် ကြော်ပေးပြီး ဆယ်ကာဆီပြန်ပြီး စစ်ပေးထားပါ

ထန်းလျှက်ရည်ကျိုရန်

ထန်းလျှက်ခဲ - 200g

ရေ. - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

မီးအနေတော်နဲ့ ရေနှင့် ထန်းလျှက်ခဲကို ကျေအောင်ကျိုပေးပါ

ထန်းလျှက်ခဲများ ကျေသွားပါက ထန်းလျှက်ရည်ကို ဆက်တိုက်မွှေပေးပါ

မွှေနေစဉ် ထန်းလျှက်ရည် ကြွက်မှီးတန်း အနေအထား ရမရသိစေရန် ထန်းလျှက်ရည်ကို သစ်သားယောင်းမနှင့် ဆယ်ပြီး အိုးထဲမှာဘဲ ပြန်လောင်းချကြည့်ပါ

ကြွက်မှီးတန်း အနေအထားလောက်ရရင် အအေးခံပြီး မုန့်သားအရောင်လှစေရန် မုန့်သားစပ်တဲ့အထဲကို ထည့်ပေးနိုင်သလို မုန့်လက်ကောက်နှင့် စားလို့ရပါပြီ။