နို့ထမင်း ချိုချိုလေး
ဒီနေ့တော့ နို့ထမင်းလေးကို ထန်းလျှက်ရည်လေးဆမ်းကာ ချိုချိုစိမ့်စိမ့် မွှေးမွှေးလေး ကျိုသောက်ဖြစ်ပါတယ် နို့ထမင်းက သောက်လို့အင်မတန်မှ ကောင်းပေမဲ့ ကျိုချိန်လေးတော့ ကြာတတ်ပါတယ်။
စိတ်ရှည်လက်ရှည် မကျိုနိုင်တာရယ် အချိန်မပေးနိုင်ဘူး ဆိုရင်တော့ ဆန်ကိုရေဆေးပြီး ရေအနည်းငယ်ထည့်ကာ ဗလင်ဒါထဲမှာ ထက်ပိုင်းကျိုးသာသာလောက် ကြိတ်ပေးပြီးမှ ကျိုပေးပါ။
ဆန်ကိုတစ်ဝက်ကျိုးအောင် ဗလင်ဒါထဲ ကြိတ်ပြီးမှ ကျိုရင်တော့ အချိန်တစ်ဝက်လောက် သက်သာနိုင်ပါတယ် မာမာကတော့ ဆန်ကိုအချိန်ပေးပြီး ကျိုထားတဲ့အတွက် မာမာကျိုတဲ့ နည်းလေးကို မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
ဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
နွားနို့ - တလီတာ
ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခန့်
ဆား - လက်ဖက်ရည်ဇွန်း တဇွန်းခွဲ
ရေ - လိုသလောက်သုံးပါ
ထန်းလျှက်ခဲအညို - နှစ်ဆယ်သား
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူးခွဲ (ထန်းလျှက်ရည်ကျိုရန်)
အုန်းသီးမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
ပြင်ဆင်ပုံ
ဆန်ကိုရေထည့်ပြီး ရေနှစ်ထပ်လောက် ဆေးပေးပါ
ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေဆေးထားသော ဆန်ကိုထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ပြုပ်ပေးပါ
ဆန်ပြုပ်နေစဉ် ဝေကျတတ်တဲ့အတွက် ဇောက်နက်သော အိုးခပ်ကြီးကြီးကိုသာ သုံးပေးပါ
ပထမတရည် ခမ်းပါက နောက်ထပ်ရေကို ပြုပ်ဆန်အထက် လက်လေးလုံးလောက် ထည့်ပေးပါ ထပ်ထည့်ပေးပါ
ထိုနည်းအတိုင်း ဆန်များကို နူးအိလာတဲ့အထိ ပြုပ်ပေးပါ
ဆန်ပြုပ်နေစဉ် အိုးကပ်တတ်တဲ့အတွက် မကြာမကြာ သတိထားပြီး မွှေမွှေပေးပါ
အသုံးပြုသောဆန် တယောက်နှင့်တယောက် မတူနိုင်တဲ့အတွက် ဆန်နူးချိန်နှင့် ပြုပ်ချိန်လဲ ကွာခြားနိုင်ပါတယ်
ဆန်နူးလာပြီ ဆိုတော့မှ အုန်းသီးမှုန့် နွားနို့ ဆားနှင့် ဆီတို့ကိုထည့်ပြီး နို့များခမ်းအောင် ဆက်ပြုပ်ပေးပါ
နွားနို့များခမ်းလာပြီး ပျစ်လာပါက မီးပိတ်ပြီး မီးပေါ်မှ ချပေးပါ။
ထန်းလျှက်ရည်ကျိုရန်
ထန်းလျှက်ခဲနှင့် ရေကို ဇောက်နက်သော အနေတော် အိုးတလုံးထဲမှာထည့်ပြီး ကျိုပေးပါ
ထန်းလျှက်ရည် ကျိုနေစဉ် ဝေကျတတ်တဲ့အတွက် မီးအရမ်း မပြင်းဖို့ သတိထားပါ
ထန်းလျှက်များ အရည်ပျော်လာပါက မီးပိတ်ကာ အဝတ်စလေးခံပြီး အမှိုက်များ စစ်ပေးပါ
အမှိုက်စစ်ပြီးပါက အိုးထဲပြန်ထည့်ပြီး ခပ်ပျစ်ပျစ်လေးရအောင် ပြန်ကျိုပေးပါ
အသုံးပြုလို့ ပိုနေသော ထန်းလျှက်ရည်များကို အအေးခံပြီး ဖန်ပုလင်းလေးထဲထည့်ကာ ရေခဲသေတာထဲမှာ သိမ်းထားနိုင်ပါတယ်။
စားပွဲပြင်ရန်
အားလုံးအဆင်သင့် ဖြစ်တာနဲ့ နို့ထမင်းကို မိမိစားနိုင်သလောက် ပန်းကန်ထဲထည့်ပေးကာ ထန်းလျှက်ရည်ဆမ်းပြီး စားသုံးနိုင်ပါပြီ။