မုန့်ဦးနှောက် ချိုစိမ့်မွှေးလေး
ဒီနေ့တော့ မာမာတယောက် စားစရာ မုန့်လေးတွေလုပ်ရင် ကောင်းမယ်ဆိုပြီး တွေးနေတုံး စိတ်ထဲမှာ ပေါ်လာတဲ့ မုန့်ဦးနှောက်လေးကို တုံတုံအိအိ ချိုချိုစိမ့်စိမ့်လေး လုပ်ဖြစ်ပါတယ်။
တယောက်ထဲဆိုတော့ မုန့်လုပ်ဖို့ပြင်လိုက် ဓာတ်ပုံရိုက်လို့နဲ့ တော်တော်လေးတော့ ကသီလင်တ နိုင်ပါတယ်။
လက်အားသန်သန်နဲ့ မုန့်သားကြည်လာတဲ့အထိ အဆက်မပြတ် မွှေရတာမို့လို့ လက်မောင်းလေ့ကျင့်ခန်းလဲ ရသလို မုန့်ကောင်းကောင်းလေးလဲ စားရမှာမို့ အားတဲ့ရက်ကလေး လုပ်စားကြည့်စေချင်ပါတယ်။
အခုမာမာရေးပေးတဲ့ အချိုးအစားက အချိုအရသာ နည်းနည်းပိုပါတယ် အချိုအရသာ မကြိုက်ရင်တော့ ထမင်းစားဇွန်း နှစ်ဇွန်းလောက် လျှော့လုပ်နိုင်ပါတယ်။
မုန့်လုပ်တဲ့အထဲမှာ သံပုရာရည် ထည့်တာကတော့ သံပုရာရည်ထည့်ရင် မုန့်ချဉ်သွားမလား ထင်မည့်သူတွေအတွက်ပါ တခါထဲ ပြောပြပါမယ် မုန့်အရသာ ချဉ်မသွားဘဲ သံပုရာရည် ထည့်ခြင်းကြောင့် မုန့်ထဲမှာ သကြားချိုးမကပ်အောင် ထည့်ခြင်းဖြစ်ပါတယ်။
ထုံးရည်ကြည် ထည့်ရတာကတော့ မုန့်သားမာမာ တင်းတင်းလေး ရလာအောင် ထည့်ပေးရခြင်း ဖြစ်ပါတယ် ထုံးအရည်ကြည် ခံထားတာ ပိုနေပါက သွန်ပပြစ်ဘဲ သိမ်းထားပါ နောက်တခါ မုန့်လုပ်စားတဲ့အခါ ပြန်သုံးလို့ရပါတယ်။
နောက်တခုက မုန့်လုပ်တဲ့အခါမှ အောက်ခြေမကပ်ဘဲ အိုးအသားထူတဲ့ အိုးကိုသုံးပါ မွှေလို့ကောင်းတဲ့ သစ်သားယောင်းမ အရှည်ကို သုံးပေးရင် မုန့်လုပ်ရတာ အရမ်းအဆင်ပြေပါတယ်ရှင်။
အခုမာမာ လုပ်ပြတဲ့ နည်းအတိုင်းလုပ်ပြီး အအေးခံကာ ရေခဲသေတ္တာထဲမှာ ထားပြီးစားပါက တပါတ်မက အထားခံပါတယ်။
ပါဝင်ပစ္စည်းများ
ဆန်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
ပလောပီနံမှုန့် - ထမင်းစားဇွန်း ၄ဇွန်း
အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
သကြားဖြူ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
ဆား - လက်ဖက်ရည်ဇွန်း ၂ဇွန်း
ဆီ - ထမင်းစားဇွန်း ၂ဇွန်း
သာဂူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး
သံပုရာရည် - ထမင်းစားဇွန်း ၂ဇွန်း
ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁၂ဗူး
အုန်းနို့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး ( အုန်းဆီချက်ရန် )
ဆီ - ထမင်းစားဇွန်း ၅ဇွန်း ( အုန်းဆီချက်ရန် )
ဆား - လက်ဖက်ရည်ဇွန်း တဝက် ( အုန်းဆီချက်ရန် )
ထုံရည်ကြည် - လက်ဖက်ရည်ဇွန်း ၂ဇွန်း
အလျှား၈လက်မ အနံ၃လက်မရှိသော မိုက်ခရိုဝေ့သုံး ပလပ်စတစ်ဗူး -၂ဗူး
ဇောက်နက်ပြီး အိုးအသားထူကာ အောက်ခြေမကပ်သောအိုး - တလုံး
မွှေလို့ကောင်းသော သစ်သားယောင်းမ - တချောင်း
အုန်းနို့ကျိုပုံ
ဇောက်နက်ပြီး အောက်ခြေမကပ်သော အိုးထဲကို အုန်းနို့ထည့်ပြီး မီးအနေတော်နှင့် တည်ပေးပါ
အုန်းနို့က တည်ထားစဉ် ပွက်ပွက်ဆူလာပြီး ဝေကျတတ်တဲ့အတွက် ဇောက်နက်ပြီး မကပ်သောအိုးကို သုံးပေးပါ
အုန်းနို့အိုး ပွက်ပွက်ဆူလာပြီး ရေအနည်းငယ် ခမ်းလာပါ ဆီနှင့်ဆားကိုထည့်ပြီး မွှေပေးပါ
အိုးနို့များ ဥလာပါက မီးပိတ်ပြီး လက်ကျန်အပူရှိန်နဲ့ ဆက်တည်ထားပေးပါ
ဆီသံကြားလာပြီး အုန်းနို့နံ့ သင်းလာတာနဲ့ အုန်းဆီချက် မွှေးမွှေးလေး ရပါပြီ
လိုသလောက်သုံးပြီး ပိုနေပါက ထမင်းပူပူနှင့် နယ်စားနိုင်သလို အုန်းထမင်းချက်ရာမှာလဲ ပြန်သုံးလို့ရတဲ့အတွက် လိုတဲ့အခါ ပြန်သုံးနိုင်အောင် ရေခဲသေတ္တာထဲမှာ ထည့်ခဲထားနိုင်ပါတယ်။
ထုံရည်ကြည်စိမ်ရန်
ကွမ်းစားထုံး ထမင်းစားဇွန်း တဇွန်းကို ဗူးတခုထဲထည့်ပြီး ရေထမင်းစားဇွန်း ၅ဇွန်းနှင့်ဖျော်ထားပါ
တညသိပ်လောက် ထားပြီးပါက အပေါ်ယံ အရည်ကြည် တက်လာသော ထုံးရည်ကြည်ကို သုံးပါမယ်။
ပြင်ဆင်ပုံ
မိုက်ခရိုဝေ့သုံး ပလပ်စတစ်ဗူးကို ဆီအနည်းငယ် သုတ်ပေးထားပါ
ဇလုံကြီးကြီး တလုံးကို ပြင်ထားပါ
ထိုဇလုံထဲမှာ ဆန်မှုန့် နှင့် ပလောပီနံမှုန့်ကိုထည့်ပြီး သမအောင် ရောမွှေပေးပါ
သမသွားတာနဲ့ အုန်းနို့နှင့်ရေ ပေါင်းအိုးဆန်ချင်ဗူး ၇ဗူးကိုထည့်ပြီး သမအောင် မွှေပေးပါ
ဆန်မှုန့်ရေပျော်သွားတာနဲ့ ထိုအထဲကို သာဂူစေ့ထည့်ပြီး မွှေပေးထားပါ
ဇောက်နက်ပြီး အိုးအသားထူကာ အောက်ချေမကပ်သောအိုးကို မီးဖိုပေါ် တင်ပေးပါ
ထိုအိုးထဲမှာ ရေ ပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူးနှင့်သကြား ဆား ဆီနှင့် သံပုရာရည်တို့ကို ထည့်ပေးကာ တည်ပေးပါ
သကြားရည်အိုးကို မီးအလယ်လောက်နှင့် တည်ပေးရင်း သကြားပျော်အောင် မွှေပေးပါ
သကြားအိုး ပွက်ပွက်ဆူလာတာနဲ့ ရေဖျော်ထားသော ဆန်မှုန့်ရည်ကို လောင်းထည့်ပေးပါ
ဆန်မှုန့်ရည် ထည့်ပြီးတာနဲ့ မီးကို အလယ်လောက်ထိ လျှော့ပေးပြီး ထိုအိုးကို အဆက်မပြတ် မွှေပေးပါ
မွှေနေရင်းက မုန့်နှစ်ရည် စပြီးပျစ်လာပြီဆိုတာနဲ့ လက်အားသန်သန်နဲ့ မွှေပေးပါ
မွှေနေရင်း ရေခမ်းလာပါက ဆန်ချင်ဗူး တဗူးစာ ရေတခွက် ထပ်ထည့်ပေးပြီး ဆက်မွှေပေးပါ
သိပ်မကြာခင်မှာ မုန့်သားထပ်ပျစ်လာပါက နောက်ထပ် ရေတဗူး ထပ်ထည့်ပြီး မွှေပေးပါ
မုန့်နှစ်ရည် စပြီးပျစ်ချိန်မှ မုန့်သားကြည်ပြီး ရေကုန်လာတဲ့အထိ ၈မိနစ်မှ ဆယ်မိနစ်အတွင်း မွှေပေးပါ
မွှေနေတာကို မရပ်ပါနဲ့ ဆက်တိုက် မွှေပေးပါ
သာဂူစေ့များလဲ မွှေနေရင်းက ကြည်လာပါလိမ့်မယ်
တဖြည်းဖြည်းနဲ့ မုန့်အိုးထဲမှာ ရေမပေါက်တော့ဘဲ မုန့်သားကြည်လာပြီ ဆိုလာပါက ဆီသုတ်ထားသော ဗူး၂ဗူးထဲသို့ ခပ်မြန်မြန် လောင်းထည့်ပေးပါ
မုန့်သားညီညီလေးရအောင် သစ်သားယောင်းမဖြင့် အသာလေး ညှိပေးပါ
ပြီးတာနဲ့ မုန့်ဗူးကို အခန်းအတွင်းမှာဘဲ၂နာရီလောက်
မုန့်သားပူနေချိန် ရေခဲသေတ္တာထဲမှာထည့်ပြီး အအေးမခံမိဖို့ အထူးသတိထားပေးပါ
မုန့်သားအေးသွားမှ ရေခဲသေတ္တာထဲမှာ ထည့်ထားနိုင်ပါတယ်
ဆန်နှင့်လုပ်သော မုန့်ဖြစ်တဲ့အတွက် ရေခဲသေတ္တာထဲမှာ ၂ရက်လောက်အထိထားပြီး စားနိုင်ပါတယ်
အေးပြီးခဲသွားမှ မိမိနှစ်သက်သလို လှီးပေးပြီး အုန်းနို့ဆမ်းကာ ချိုစိမ့်စိမ့် အိအိတုံတုံ မုန့်ဦးနှောက် အုန်းဆီဆမ်းတဲ့ မုန့်ပွဲပြင်ပေး နိုင်ပါပြီ။