ခေါပြင် စိမ့်စိမ့်လေး



ဒီနေ့မနက်စောစော ကော်ဖီနဲ့သောက်ချင်တာနဲ့ ခေါပြင်မုန့်လေး လုပ်ဖြစ်သွားပါတယ် အချိုမစားဘဲ အစိမ့် နှစ်သက်သူတွေ အကြိုက်တွေ့မဲ့ မြန်မာမုန့်ပဲသရည်စာ တမျိုးပါ။

ခေါပြင်လို့ ပြောလိုက်ရင် မာမာတို့ငယ်ငယ်က မြောင်းတကာ ဈေးထဲမှာ တနေ့တခါမှ မစားရရင် ဈေးသွားရတာ မတန်တဲ့ မုန့်မျိုး

တခု ၁၅ပြားပေးရတယ် ကလေးဆိုတော့ ၁၅ပြားဖိုးဝယ်ပြီး ဘေးအနားသားလေးတွေ အဆစ်တောင်းသေးတာ အဲဒီကြီးကြီးကလဲ သဘောကောင်းတာမှ အရမ်း ကိုယ့်တွေ့တာနဲ့ ဆီသုတ်ထားတဲ့ ငှက်ပျောဖက်ထဲမှာ ဝယ်တာ ၁၅ပြားဖိုးကို ဘေးအနားသား ညှပ်ထားတာက လက်တဆုတ်ကြီး ထည့်ပေးထားပြီးသားဘဲ

တခါတလေ စကားရောဖောသောနဲ့ ကပ်ကြေးနဲ့ ညှပ်လိုက်လို့ ပဲ့ကြသွားတဲ့ အုန်းသီးဖတ်လေးတွေကို မြည်းမယ်နော်ဆိုပြီး မုန့်ရောင်းတဲ့ ကြီးကြီး ပေးပေးမပေးပေး ဆတ်ခနဲ ယူစားလိုက်တာက ပါသေးတာ

အဲဒီမုန့်မျိုးက ငယ်ငယ်ကသာ စားခဲ့ရပြီး အခုနောက်ပိုင်း မစားရတာ ကြာခဲ့ပြီ

ဒီနေ့တော့ ကိုယ့်ဘာသာကို လုပ်စားရင်း သာယာပါတယ်လေ ခေါပြင်မှ ခေါပြင်အစစ်ပါ မယုံရင် လုပ်နည်းလေး မျှဝေပေးလိုက်ပေးမယ် လုပ်စားကြည့်နော် 😁��။

ပါဝင်ပစ္စည်းများ

ကောက်ညှင်းမုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး

ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ

ဆီ - အနည်းငယ် 

ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ မရှိတရှိ

အုန်းသီးစိတ်- နှစ်သက်သလောက်

နှမ်းလှော် - နှစ်သက်သလောက်

မြေပဲလှော်ထောင်း - နှစ်သက်သလောက်
စဥ့်နီတုံး သန့်သန့်

မုန့်လှိမ့်ရန် ဒလိမ့်တုန်း

ပြင်ဆင်ပုံ

နှမ်းကို လှော်ထားပါ သို့မဟုတ် လက်ဖက်စား နှမ်းလှော်ကို သုံးလဲရပါတယ်

မြေပဲလှော်ကို အခွံခြွတ်ပြီး မညက်တညက် ထောင်းပေးထားပါ

အုန်းသီးကို ခပ်ပါးပါးလေးတွေ စိတ်ပေးထားပါ

မုန့်လုပ်ရာတွင် သုံးမည့် စဥ့်နီတုံး သို့မဟုတ် ပန်းကန်ပြားနှင့် ဒလိမ့်တုံးကို ဆီသုတ်ပြီး အဆင်သင့် ပြင်ထားပါ

မုန့်ညှပ်ရန် ကပ်ကြေးကိုလဲ ဆီသုတ်ထားပါ
ကောက်ညှင်းမှုန့်နှင့် ဆားကို ဇလုံတခုထဲမှာ ထည့်ပေးပါ

ထိုကောက်ညှင်းမှုန့်ထဲကို ရေနည်းနည်းခြင်း ထည့်ပေးပြီး ကောက်ညှင်းမှုန့် အိလာတဲ့အထိ နယ်ပေးပါ

ရေကို နည်းနည်းခြင်း ထည့်ပေးပါ အသုံးပြုမည့် ကောက်ညှင်းဆန်မှုန့် မတူနိုင်တဲ့အတွက် ရေလိုအပ်မှု အနည်းအများ ကွာခြားနိုင်ပါတယ်

ကောက်ညှင်းသားရလာအောင် အနည်းဆုံး ၈မိနစ်လောက် နှဲပေးပါ

ပြီးတာနဲ့ မိမိအဆင်ပြေမည့် ပန်းကန်ပြား သို့မဟုတ် စဥ့်နီတုံးပေါ်မှာ တင်ပေးပြီး ပုံပါအတိုင်း ခပ်ထူထူလေး ပြားပေးပါ

အိုးတလုံးထဲမှာ ရေနွေးကို ပွက်ပွက်ဆူအောင် တည်ပေးပါ

ရေ ပွက်ပွက်ဆူပြီဆိုတာနဲ့ ခပ်ထူထူလေး ပြားထားသော မုန့်သားကို ထည့်ပေးပါ

မုန့်သားကြည်ပြီး ရေပေါ်ကို တက်လာမှ အနည်းဆုံး ၅မိနစ်လောက် ထားကာ တဖက်ကို လှန်ပေးပါ

မုန့်သားတဖက်ကို လှန်ချိန်မှာ သစ်သားယောင်းမနဲ့ အသာလေး ဖိကြည့်ပါ

မုန့်သားပျော့နေမှ တဖက်ကို လှန်ပေးပါ

မုန့်သားမပျော့ဘဲ လှန်လိုက်ပါက အလယ်မှ ထက်ခြမ်းကွဲ သွားတတ်ပါတယ်

မုန့်သား နောက်တဖက် လှန်လို့ရပြီဆို လှန်ပေးပြီး နောက်ထပ် ၅မိနစ်လောက် ရေပွက်ပွက်ဆူအောင် ထားပါ

မိမိလုပ်သည့် မုန့်သားအထူအပါးအပေါ် မူတည်ပြီး ပြုပ်ပေးပါ

မုန့်သားအရောင် ကြည်လာပြီး ရေပေါ်ပေါ်လာပြီဆိုရင် မုန့်သားပို ယောင်းမနှင့် ဖိကြည့်ပါ

မာနေသေးရင် ပျော့လာတဲ့အထိ ထားပြီးမှ ဆယ်ပေးပါ

ဆယ်ပြီးတာနဲ့ ဆီသုတ်ထားသော ပန်းကန်ပြား သို့မဟုတ် စဥ့်နီတုန်းပေါ်တင်ပေးပါ

မုန့်သားပူနေတုန်းမှာ နှမ်းလှော် အုန်းသီး မြေပဲလှော်တို့ကို ဖြူးပေးပါ
ပြီးတာနဲ့ ဒလိမ့်တုန့်နှင့် ခပ်ဖွဖွ လှိမ့်ပေးပါ

ဒလိမ့်တုန်းနှင့် လှိမ့်နေစဉ် မြေပဲလှော် နှမ်းလှော် အုန်းသီးစိတ်များကို ထပ်ထည့်လိုက် လှိမ့်လိုက် လုပ်ပေးပါ

ဒလိမ့်တုန်းနှင့် လှိမ့်တဲ့အတွက် မုန်းသားလဲ အနေတော် ပြားလာပါလိမ့်မယ် 
အစာပလာများ မုန့်သားထဲ ၀င်သွားပြီဆိုရင်တော့ မွှေးပြီးစိမ့်နေတဲ့ ခေါပြင်မုန့် စိမ့်စိမ့်လေးကို ဆီသုတ်ထားသော ကပ်ကြေးနှင့် နှစ်သက်သလို ညှပ်ပေးပြီး စားသုံးနိုင်ပါပြီ။