သာကူ အစာသွပ်



ဟင်းလေးတွေ မုန့်လေးတွေ မချက်ဖြစ် မလုပ်ဖြစ်တော့ဘူးလား မေးလာတဲ့ မိတ်ဆွေကို အားနာလွန်းလို့ ဒီနေ့တော့ သာကူအစာသွပ်လေးနဲ့ ဖြေသိမ့်ပါရစေ ဟင်းလေးတွေလဲ ချက်ဖြစ်ပါတယ် မုန့်လေးတွေလဲ လုပ်ဖြစ်ပါတယ် ဒါပေမဲ့ face book မှာရော blog မှာရော page မှာပါ မတင်ဖြစ်ခဲ့တာပါ။

အားလုံးက သဘာဝဘေးအန္တရာယ်ကြီး ခါးဆီးခံနေရချိန်မှာ ဟင်းတွေ မုန့်တွေမတင်ရက်ခဲ့လို့ပါ အခုတော့ မာမာလဲ လှူနိုင်သလောက်လေး တတပ်တအား လှူပြီးပြီမို့ တာဝန်မကျေသေးမှန်း သိနေပေမဲ့ စိတ်ထဲနည်းနည်းပေါ့သွားတယ် ထင်မိတာနဲ့ မိတ်ဆွေတို့ဆီပြန်လာခဲ့ပါပြီ။

ဒီနေ့တော့ ကြက်သားသာကူ အစာသွပ်နည်းလေး တင်ပေးပါမယ် လုပ်ရတာအမယ်နည်းနည်းများလို့ ခက်တယ်ထင်ရပေမဲ့ စားရတာတော့ တကယ်ကို ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတဗူး

ကြက်သား - 50 g

ကြက်သွန်ဖြူ - အမွှာကြီးကြီး ၁၀မွှာ

ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူး

နနွင်းမှုန့် - အနည်းငယ်

ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်းဖျား ပါ
တယ်ဆိုရုံလေး

ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း

ဆား- လက်ဖက်ရည်ဇွန်း တ၀က် (သာကူနှင့်ကြက်သားတွင် မျှထည့်ပေးပါ)

အရသာမှုန့်- လက်ဖက်ရည်ဇွန် တ၀က်( သာကူနှနှင့်ကြက်သားတွင် မျှထည့်ပေးပါ)

နံနံပင် - အနည်းငယ်

ပြင်ဆင်ပုံ

ကြက်သားကို ရေဆေးပြီး နုတ်နုတ်စဉ်းထားကာငရုတ်ကောင်းမှုန့် ဆားအနည်းငယ် အရသာမှုန့်အနည်းငယ် နနွင်းမှုန့်တို့ထည့်ပြီး နယ်ထားပါ

ကြက်သွန်ဖြူကို အခွံခွာပြီး မညက်တညက်ထောင်းထားကာ တ၀က်ကို ဆီချက်ချက်ပြီး ကြက်လာပါက ဆယ်ပြီး ဆီစစ်ထားပါ

ထိုဆီထဲမှာဘဲ ကြက်သွန်ဖြူတ၀က်နှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ထည့်ပြီး ငရုတ်သီး ဆီချက်ချက်ကာ ဆယ်ပြီး ဆီစစ်ထားပါ

သာကူကို ရေနွေးတယ်ဆိုရုံလေးနဲ့ ရေမြုပ်အောင်ထည့်ပြီး ၅မိနစ်လောက် စိမ်ထားပေးပါ

သာကူစေ့များ ပွလာတာနဲ့ ပိုနေသောရေများကို သွန်ပြီးစစ်ပေးပါ

သာကူစေ့များ ထည့်ပေါင်းမည့် ပန်းကန်လုံးလေးများကို ဆီသုပ်ထားပေးပါ

သာကူစေ့များ ရေစစ်သွားပါက ထမင်စားဇွန်း ၂ဇွန်းစာလောက်ယူကာ လက်ဝါးပေါ်တင်ပြီး အလယ်မှာ ချိုင့်ခွက်လေးရအောင် လုပ်ပေးကာ ထိုအထဲကို ကြက်သား လက်ဖက်ရည်ဇွန်း တဇွန်းသာသာ ထည့်ပြီး သာကူစေ့နှင့် ပြန်အုပ်ကာ အလုံးလေး လုံးပေးပါ

လုံးထားသော အလုံးလေးများကို ဆီသုပ်ထားသော ပန်းကန်ထဲ ထည့်ပေးပါ

အောက်ခံပေါင်းအိုးကို ရေဆူအောင်တည်ပြီးမှ ပေါင်းဇကာထဲ သာကူလုံး ပန်းကန်များ စီထည့်ကာ ၁၅မိနစ်လောက် ပေါင်းပေးပါ

သာကူသားများ ကြည်လာပါက သာကူအစာသွပ်လေးတွေ ရပါပြီ

သာကူအစာသွပ်ပေါ်ကို ကြက်သွန်ဖြူဆီချက် ငရုတ်သီးဆီချက်များ ထည့်ကာ နံနံပင်လေးနှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ

အသားမစားသောသူများအတွက် အသားနေရာတွင် ပဲပြားသို့မဟုတ် အသားတုကို နုတ်နုတ်စဉ်းပြီး ထည့်နိုင်ပါတယ်။