ရွှေရင်အေး ချိုချိုမွှေးမွှေးလေး



သင်္ကြန်တွင်း လုပ်စားဖြစ်တဲ့ ရွှေရင်အေးပါ ကျောက်ကျောလေးထည့်ရင်တော့ ပိုပြီးကောင်းပါတယ် အမြန်စားချင်တာနဲ့ ကျောက်ကျောမကျိုတော့ဘဲ အိမ်မှာအသင့်ရှိနေတဲ့ ပစ္စည်းလေးတွေနဲ့ဘဲ အမြန်လုပ်လိုက်တဲ့ ရွှေရင်အေးဆိုလဲ မမှားပါဘူး သာကူကျိုနည်းက တင်ပြီးသားမို့ အိမ်လုပ်အလွယ် ရွှေရင်အေး ပြင်နည်းလေးဘဲ မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

သာကူပြင် - ၁၀ခု

ကောက်ညှင်းပေါင်း - ဟင်းပြင်ပန်းကန်အသေး တလုံးစာ

ပေါင်မုန့် - ၅ချပ်

အုန်းနို့ - 200 ml

ရေသန့်- 600 ml

သကြား - ထမင်းစားဇွန်း မောက်မောက် ၄ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပေးပါ)

ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ

ရေခဲ - နှစ်သက်သလောက်

ပြင်ဆင်ပုံ

သာကူပြင်ကို အနေတော် လှီးထားပါ

ပေါင်မုန့်ကို အနားသားများ ဖယ်ပေးကာ ပုံပါအတိုင်း အဆင်သင့် ပြင်ထားပါ

ကောက်ညှင်းပေါင်းကိုလဲ အသင့်ပြင်ထားပါ

အုန်းနို့ဖျော်ရန်

ဇလုံတစ်လုံးထဲမှာ အုန်းနို့ ရေ သကြားနှင့် ဆားတို့ကိုထည့်ပြီး ဆားနှင့် သကြားပျော်အောင် ဖျော်ပေးပါ

မုန့်ပွဲပြင်ရန်

သာကူပြင် ပေါင်မုန့် ကောက်ညှင်းပေါင်းတို့ကို ပန်းကန်တခုထဲမှာ ထည့်ပေးပြီး ပြင်ပေးပါ

ပြင်ထားသော ပန်းကန်ထဲ အုန်းနို့ကို လိုသလောက်ဆမ်းပြီး ရေခဲထည့်ကာ ပြင်ပေးပါ

ပြီးတာနဲ့ အားလုံးသမအောင် မွှေပေးပြီး ရွှေရင်အေး ချိုချိုမွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။