အုန်းနို့ဆမ်းသာကူ စိမ့်စိမ့်လေး



သာကူအုန်းနို့ဆမ်းလေး သောက်ချင်လာတာနဲ့ သာကူထုတ်တွေ ရှာလိုက်တော့ ထိုင်ဝမ်ကလာတဲ့ သာကူစ့ အထုတ်တွေ ထွက်လာတယ် အထုတ်မှာပါတဲ့ နည်းအတိုင်း ကျိုလိုက်တာ အဆင်ပြေလိုက်တာ ပြောမနေပါနဲ့တော့ တံဆိပ်မတူပေမဲ့လဲ အခုလို နည်းအတိုင်း စမ်းပြီးကျိုကြည့်စေချင်ပါတယ်။

ကျိုနည်းလေးက လွယ်ပါတယ် ဒါပေမဲ့ မိမိသုံးမဲ့ သာကူစေ့အပေါ်မှာ မူတည်ပြီး ချင့်ချိန်ကာ ကျိုစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

သာကူစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး

အုန်းနို့ - 200 ml (ready made အုန်းနို့ဗူးကို သုံးထားပါတယ် )

ရေ - 600 ml (အုန်းနို့နှင့် ရောကျိုရန်)

သကြား - ထမင်းစားဇွန်း ၆ဇွန်းခန့် (အချိုကြိုက်လျှင် ပိုထည့်ပါ)

ဆား - လက်ဖက်ရည်ဇွန်း တ၀က်

သာကူကျိုရန် ရေနွေးဆူဆူ - ၅လီတာ

ပြင်ဆင်ပုံ

ဇောက်နက်သော အိုးတလုံးထဲမှာ ရေ ကို ပွက်ပွက်ဆူအောင် တည်ပေးပါ

ရေဆေးစဉ် သာကူစေ့များ ထွက်မကျနိုင်လောက်သည့် ဇကာတခု အဆင်သက့် ပြင်ထားပါ

ရေပွက်ပွက်ဆူလာပါက သာကူစေ့များ ထည့်ပြီး မွှေပေးပါ

သာကူများခဲပြီး ကပ်မသွားစေရန် မကြာမကြာ မွှေပေးပါ

သုံးသော သာကူများ မတူနိုင်သောကြောင့် သာကူကျိုချိန် တခုနှင့်တခု မတူနိုင်ပါ

သာကူစေ့များ မျက်စေ့ ပျောက်လာပြီဆိုတာနဲ့ အသင့်ပြင်ထားသော ဇကာထဲလောင်းထည့်ကာ ရိုးရိုးရေအေးဖြင့် သာကူစေ့များ အေးလာတဲ့အထိ လောင်းချကာ ဆေးပေးပါ

သာကူစေ့များ အေးလာပါက ရေစစ်ထားပါ

အုန်းနို့ကျိုရန်

ဇောက်နက်သော အိုးထဲသို့ အုန်းနို့ဗူးများ ဖောက်ထည့်ပါ

အုန်းနို့ထဲသို့ သကြား ဆားနှင့် ရေတို့ရောမွှေကာ အပူပေးပါ

အုန်းနို့များ ပွက်ပွက်ဆူလာပြီ ဆိုပါက မီးပိတ်ပေးပါ

အအေးခံထားသော သာကူကို အုန်းနို့ဆမ်းပြီး လိုသလို သုံးဆောင်နိုင်ရန် ပန်းကန်တခုထဲမှာ ပြင်ပေးပါ

အုန်းနို့သာကူဆမ်း စိမ့်စိမ့်လေး ရပါပြီ။

အုန်းနို့ဗူး မသုံးချင်ပါက အုန်းသီးတလုံးကို ခြစ်ပြီး အရည်ယူနိုင်ပါတယ်။