ငရုတ်သီးဆော့ဖ် လုပ်နည်း

 ဒီနေ့တော့ မိတ်ဆွေအားလုံးအတွက် ငရုတ်သီးဆော့ဖ် လုပ်နည်းလေးပြောပြပေးပါမယ်။ စိုက်ပျိုးရေးလုပ်နေကြတဲ့ မိတ်ဆွေတွေအနေနဲ့က အပင်နဲ့ အသီးကို အောင်မြင်အောင် ဘယ်လိုစိုက်ရမယ်။ ပိုးမွှားမကျအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အတော်ကို ကျွမ်းကျင်ကြပါလိမ့်မယ်။ တောင်သူတွေအနေနဲ့ ဈေးကောင်းရလို ရောင်းရတဲ့အခါ ဝမ်းသာစရာအရမ်းကောင်းပါတယ်။ ဈေးကနေတယ် ခူးခတောင် မရတော့ဘူးဆိုရင်တော့ အခြားစဉ်းစားစရာတစ်ခုဖြစ်တဲ့ အသီးတွေကိုခူးပြီး Value add လုပ်စေချင်ပါတယ်။ ဒါကြောင့် ငရုတ်စိုက်တောင်သူတွေအတွက်ရော ဝါသနာရှင်တွေ၊ စီးပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူတွေအတွက်ပါ ရည်ရွယ်ပြီး ငရုတ်သီးဆော့ဖ် စားသောက်ကုန် ထုတ်လုပ်ရေး နယ်ပယ်ထဲကို ဆွဲခေါ်သွားပေးပါမယ်။
ဒီမှတော့ စမ်းသပ်ဖို့အတွက် တစ်ဆယ်သားနဲ့ လုပ်ပြပေးထားပါတယ်။ အများအပြားလုပ်မယ့်သူတွေက အချိုးကိုပိုထည့်ပေါ့နော်။ စိတ်ကြိုက်စမ်းသပ်လို့ အရာသာကို သဘောကျပြီဆိုရင်တော့ ဈေးကွက်တင်ဖို့လုပ်နိုင်ပါတယ်။ ဈေးကောင်းကောင်းမကောင်းကောင်း စမ်းသပ်ထားစေချင်ပါတယ်။ အောင်မြင်အောင်လုပ်ထားနိုင်တော့ ဈေးကျတဲ့အချိန် ကိုယ်လိုချင်သလို စိတ်ကြိုက် လုပ်နိုင်တာပေါ့။ ပိုကောင်းတဲ့နည်းလေးတွေကို သူရှိရင်လည်း ပြန်လည်းမျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။
အထူးဂရုပြုစေချင်တာက
သုံးတဲ့ ပစ္စည်းလေးတွေ သန့်ရှင်းဖို့၊ နေရာ သန့်ရှင်းဖို့နဲ့ ကိုင်တွယ်တဲ့ လူတွေ သန့်ရှင်းဖို့ အထူး ဦးစားပေးပါလို့ ပြောချင်ပါတယ်။ သန့်ရှင်းပြီး ကျန်းမာရေးနဲ့ ညီဖို့ ကအဓိက ဖြစ်ပါတယ်။ နေ့စဉ် သန့်ရှင်းရေး လုပ်ဖို့ လိုပါတယ်။ သန့်ရှင်းနေမှ မှိုနဲ့ ဘက်တီးရီးယား မပေါက်မှာဖြစ်ပါတယ်။
နောက်ပြီး ထုတ်လုပ်တော့မယ်ဆိုရင် ကိုယ်သုံးမယ့် ငရုတ်သီးက ဘယ်လောက်စပ်တယ် ဆိုတာကိုတော့ အရင်လေ့လာပါ။ တာရှည်ခံတွေက ပါဝင်ပစ္စည်းစုစုပေါင်းပမာဏရဲ့ ၀.၁ % ထက် မပိုရဘူးဆိုတာနဲ့ စားသောက်ကုန်တွေအတွက် FDA က သတ်မှတ်ထားတာကိုပဲ သုံးစွဲဖို့အတွက် အမြဲဂရုစိုက်ရပါမယ်။
စားသုံးသူနဲ့ ထုတ်လုပ်သူတွေက အမြဲ အပြန်အလှန်မှီခိုနေကြတာပါ။ စိုက်ပျိုးရေးကိုလည်း GAP (Good Agriculture practice) နည်းနဲ့ စိုက်စေချင်ပါတယ်။ ဓာတုကို အလွန်အကျွံ မသုံးဘဲ အတိုင်းအဆနဲ့ သုံးစေချင်တာပါ။ ဓာတုကို အလွန်အကျွံ သုံးတော့ မြေလည်းပျက် စားတဲ့သူတွေလည်း ကျန်းမာရေးထိခိုက်၊ ဓာတုသုံးတဲ့ တောင်သူတွေလည်း ကျန်းမာရေးထိခိုက်ကြတယ် မဟုတ်လား။ အခုကတော့ ထွက်နှုန်းနဲ့ ဈေးကွက်က စီးပွားရေးနဲ့ တိုက်ရိုက်အချိုးကျနေတာကြောင့် GAP လို့ပြောချင်တာပါ။ တကယ်က စားသုံးသူ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အော်ဂဲနစ် နည်းစနစ်နဲ့ စိုက်စေချင်တာပါ။ အော်ဂဲနစ် (Organic) နည်းစနစ်နဲ့ GAP (Good Agriculture practice) အကြောင်းလည်းကို နောက်ပိုင်း ဆက်ရေးသွားပါမယ်။ မိကျောင်းမင်း ရေခင်းပြသလို ဖြစ်နေမှာလည်း စိုးမိပါတယ်။ စိုက်ပျိုးရေးနဲ့ သီးနှံဈေးကွက်မှာ အများစု ကိုယ်တွေထက် နည်းလည်ကြတဲ့သူတွေ မဟုတ်လား။ ဟုတ်ကဲ့။ ငရုတ်သီးဆော့ဖ် အကြောင်းလေ ပြန်ဆက်ပါမယ်။
ငရုတ်သီးဆော့ဖ်စမ်းသပ်မယ်
ငရုတ်သီးဆော့ဖ်လုပ်တဲ့အခါမှာ ငရုတ်သီးအနှစ် - ၁၀ ကျပ်သား၊ သကြား (အညို) - ၂၀ ကျပ်သား၊ ဆား ၀.၃%၊ အချဉ်ခဲ ၀.၃%၊ ကြက်သွန်ဖြူ - ၃ ကျပ်သား၊ ဂျင်း - ၁ ကျပ်သား၊ ရှာလကာရည် - ၁၀ ကျပ်သား၊ ပြောင်းမှုန့် - ၂ ကျပ်သား၊ SB - ၀.၀၅% နဲ့ KMS - 0.03% တို့ကို ရောနှောပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။
တာရှည်ခံဆေး SB နဲ့ KMS အကြောင်းကိုတော့ http://bit.ly/2smgsj1 မှာ အသေးစိတ်ရေးပြပေးထားပါတယ်။
ဘယ်လိုလုပ်ရမှာလဲ
သန့်စင်ထားတဲ့ ငရုတ်သီးကို ရေဆေး ပြီးတော့ ရေနွေးပွက်ပွက်ဆူမှာ ထည့် ပြုတ်ပါ။ အချိန်အနည်းငယ်ကြာလို့ ငရုတ်သီးနူးသွားတဲ့အခါမှာ ဆယ်ယူပြီး ကြိတ်စက်နဲ့ ကြိတ်ပါ။ ကြိတ်ပြီးတဲ့အခါမှာ ပိတ်စိမ်းပါနဲ့ အဖတ်တွေမပါအောင် စစ်ယူပါ။ ရလာတဲ့ငရုတ်အနှစ်ကို အလေးချိန်ချိန်ထားပါ။ ဂျင်း၊ ကြက်သွန်ဖြူတွေကို အခွံနွာပြီးတော့ ကြိတ်လိုက်ပါ။ ပြီးတော့ ရှာလကာရည်စိမ်ပေါ့။ ဒီအထဲကို ရှာလကာရည်စိမ်ထားတဲ့ ဂျင်၊ ကြက်သွန်ဖြူတွေကို အဖတ်မပါအောင် ထည့်ပေးပါ။ အပွားလိုချင်ရင်တော့ ဆန်မှုန့်၊ ကော်မှုန့်နဲ့ ပြောင်းမှုန့်တွေကို ရေနဲ့ဖျော်ထည့်ပါ။ ပြီးရင်တော့ ရေနည်းအနည်းငယ်ရောပြီး မီးဖိုပေါ်မှာ ကျိုချက်ပါ။ ဒါတွေလုပ်ပြီးရင်တော့ ငရုတ်နှစ်ကို သကြား ၂၀ % ထည့်မွှေပေးပါ။ ၃ ပုံ တစ်ပုံ ခမ်းအောင် ကျိုချက်ပါ။ ရေခမ်းပြီး ပြစ်နှစ်သွားအောင်ကျိုချက်ပေးပါ။ အားလုံးပြီးသွားရင်တော့ ရေကျက်အေးနဲ့ဖျော်ထားတဲ့ တာရှည်ခံဆေးထည့်ပါ။ အအေးခံပါ။ အေးသွားပြီဆိုရင်တော့ ကိုယ်ထုတ်ပိုးမယ့် ပုလင်းထဲကို ထည့်လို့ရပါပြီ။
စပ်တာလိုချင်လား၊ ချိုတာလိုချင်လား။ ကိုယ့်မယ့် သကြားကို အတိုးအလျှော့လုပ်ပေးပါ။ စမ်းသပ်လုပ်ကိုင်တဲ့အခါမှာ ထုတ်လုပ်သူနဲ့ ဈေးကွက်အကြိုက် လုပ်လို့ရပါတယ်။ အချို့နည်းလမ်းတွေမှာတော့ ခရမ်းချဉ်သီးကို ၄ ပုံတစ်ပုံ ရောကြပါတယ်။ ငရုတ်သီးအနှစ် တစ်ဆယ်သားကို ခရမ်းချဉ်အနှစ် ၂.၅ ကျပ်သားပါ။ ခရမ်းချဉ်က နှုတ်ကိုမိန်စေတယ်မဟုတ်လား။ နောက်ပြီး ခရမ်းချဉ်ဆော့လုပ်တုန်းကလည်း ငရုတ်သီးအနှစ်ကို ထည့်တယ်ဆိုတာ မှတ်မိကြမယ်ထင်ပါတယ်။ မွှေးရနံ့မသိမသာလေးသင်းချင်ရင်တော့ သစ်ဂျပိုးခေါက် ဒါမှမဟုတ် ဇီယာ အမှုန့်ကို ၁ ကျပ်သား လောက်ထည့်ပေးပါ။ မထည့်ရလည်းရပါတယ်။
လုပ်ငန်းသုံးဆိုရင်တော့ ပိတ်စိမ်းပါးနဲ့ ဘယ်ရမလဲနော်။ ဒီတော့ အဖတ်မပါအောင်စစ်ယူဖို့အတွက်ကို ကိုယ်ကြိုက်တဲ့နည်းသုံးလို့ရပါတယ်။ မြန်မာတွေက ဒီအပိုင်းမှာ ဖြတ်ထိုးဉာဏ်ကောင်းကြပါတယ်။
 ငရုတ်သီးဆော့ဖ်လုပ်နည်းလေးအကြောင်း ဖတ်ပြီးရင်တော့ သိတဲ့သူတွေအနေနဲ့ ငရုတ်ပင်တွေအကြောင်း ထွက်တဲ့ရာသီနဲ့ ဘယ်ဒေသတွေကနေထွက်တယ် ဆိုတာလေးတွေ၊ ဘယ်အချိန်ထွက်တယ် ဆိုတာလေးတွေလည်း ပြန်မျှခဲ့ကြပါအုံးနော်။ လက်ရှိမှာ ကိုယ့်ဒေသက အခင်းကောက်ဈေးနဲ့ ဒိုင်ကောက်ဈေးလေးလည်း မျှဝေပေးကြပါအုံး။ ဒီလိုမျှဝေမှုက ငရုတ်သီးဆော့ဖ်လုပ်ဖို့ ကြိုးစားသူတွေအတွက် အတော်ကိုအကျိုးရှိပါလိမ့်မယ်။
#chili #chilisauce #fresh #myanmar #foodtechnology #food#foodmyanmar

Image may contain: food


Image may contain: drink


Image may contain: food


Image may contain: food