ရခိုင်မလက်ရာ ရခိုင်မုန့်တီ အာပူလျှာပူအရည်+အသုပ် ချက်နည်း

ရခိုင်မလက်ရာ ရခိုင်မုန့်တီ အာပူလျှာပူအရည်+အသုပ် ချက်နည်း
ရခိုင်မုန့်တီအာပူလျှာပူချက်နည်း
🌶🌶🌶🌶🌶🌶🌶
အာပူလျှာပူလို့ပြောရခြင်းက အာပူရွက်နဲ့ ချက်လို့ပါ
အာပူရွက်မရနိုင်တဲ့နေရာမှာဆိုရင်တော့ ရခိုင်မုန့်တီလို့ပဲအလွယ်ခေါ်ပါတယ်
အာပူရွက် ထည့်သည်ဖြစ်စေ မထည့်သည်ဖြစ်စေ ချက်နည်းကတော့ အတူတူပါပဲ
အင်မတန်လွယ်ပါတယ်....စားရတာအရသာကွာတာကတော့ မလိုအပ်ပဲကွန့်ကြလို့ မူရင်းအရသာကွာပြီး အချို့ဆို ဗမာမကျ ရခိုင်မကျ တွေဖြစ် နာမည်ကအာပူလျှာပူမို့ မပူပူအောင် ပတဲကော၊ စပါးလင်၊ ငြုပ်သီး ပေါက်ကရလျှောက်ထည့်ကြလို့ ရခိုင်ချက်တဲ့ ရခိုင်မုန့်တီကိုမမှီဖြစ်ကုန်တာပါ
ရခိုင်မုန့်တီအာပူလျှာပူမှာ ပတဲကော၊စပါးလင်မထည့်ပါ။
တကယ်က ရခိုင်မုန့်တီဆိုတာ ငြုပ်ကောင်းပေါက်ပေါက်၊ ကြက်သွန်ဖြူနိုင်နိုင်၊ ငါးရွှေကြပ်တိုက်သင်းသင်း၊ အာပူရွက်ကလေးမွှေးမွှေးခတ်ပြီး ငြုပ်ရည်လေးဆမ်းချဉ် ငံ စပ် လိုသလိုထည့် ရှူးရှူးရှဲရှဲ တပွဲပြီးတပွဲဆွဲရတာပါ
(ငြုပ်ရည်လုပ်နည်းကတော့ ပြုပ်ပြီးသားငြုပ်သီးစိမ်းကိုဆားထည့်ထောင်ပြီးရေနဲနဲထည့်ဖျော်ပါ)
နောက်ဆုံးဗိုက်ပြည့်ရင်တောင် ဟင်းရည်ပူပူမှာငါးဖယ်လေးညှပ်ထည့်ပြီး အစားပိတ်ကလေးလွေးလိုက်ရမှ တင်းတိမ်ကြတာပါ
ကျမမေမေဆိုရင် မုန့်ဖတ်နုနုကို ဆားဖြူကလေးနဲနဲဖြူးပြီး ကြက်သွန်နီဆီကျက်ကလေးနဲ့ သုံး လေး လုတ် အစာပိတ်စားလိုက်ရမှ တနေ့တာရခိုင်မုန့်တီစားတာပီပြင်သွားတာပါ
ရခိုင်မုန့်တီမှာအရေးကြီးတာက ရခိုင်ငပိပါ
(ရခိုင်ငပိမရှိလည်း မျှင်ငပိနဲ့ချက်နိုင်ပါတယ်)
ကိုယ်ချက်မယ့်ငပိက အသစ်လား အဟောင်းလားဆိုတာသိရပါမယ်
ငပိအဟောင်းက နည်းနည်းအငံပိုလေးပြီး အရောင်ပိုရင့်ပါတယ်
ငပိအသစ်ကတော့ အဟောင်းထက်ပေါ့ပြီး အရောင်နုပါတယ်
ရခိုင်ငပိကိုမသိပ်ပဲဒီအတိုင်းထားရင် ခါးသွားတတ်ပါတယ်
ဝယ်လာရခိုင်ငပိကိုမသိပ်ခင် ဆုံမှာပျော့လာအောင်ထောင်းရပါတယ် ဖယောင်းသားလိုပျော့လာပြီဆိုမှ
ရေစင်အောင်စစ်ထားတဲ့ အလုံပိတ်ပုလင်းခြောက်ခြောက်သန့်သန့်ထဲမှာ လေမခိုအောင်စေးပိုင်နေအောင်သိပ်ပြီး အဖုံးလုံအောင်ပိတ်ရပါတယ်
စားတဲ့အချိန်မှာလည်း ဇွန်းအသန့်နှင့်သာ လိုသလောက်ဘေးကနေခပ်ယူသုံးရပါတယ်
အလယ်ကနိုက်သုံးရင်လည်း အရသာသဲ့သွားတတ်ပါတယ်
ဟင်းပေနေတဲ့ဇွန်းနဲ့ယူရင်လည်း ပုလင်းတွင်းကျန်ငပိများခါးသွားတတ်ပါတယ်
ရခိုင်များဟာ ငပိကိုဟင်းချက်တဲ့နေရာမှာမပါမဖြစ်သုံးတတ်တဲ့အတွက် ငပိကောင်းကောင်းကိုအင်မတန်တန်ဘိုးထားတတ်ပါတယ်
ရခိုင်မုန့်တီဟာ ရခိုင်ငပိကောင်းလေစားကောင်းလေပါ
ကျမအဖွားရခိုင်အမယ်ကြီးဆို ငပိဝယ်ရင် ငပိသန့်မသန့် စက်မစင်ကို ၁ ဇွန်းခပ်ပြီးရေဖျော်ကြည့်-အနည်မှာသဲ၊ ငါးရိုး အမှိုက်ပါမပါအမြဲစစ်တတ်ပါတယ်
သူ ငပိသိပ်နေတဲ့အနားကို ကျမတို့ ရေမချိုးပဲ ကပ်သွားရင် "ငါ့ငပိတွေခါးကုန်မယ် ညစ်ညစ်ပတ်ပတ်နဲ့အနားမလာကြနဲ့ လို့ အမြဲငေါက်လွှတ်တတ်
ငယ်တုန်းကတော့ လူထက်အဆပေါင်းများစွာနံတဲ့ငပိကို ဒီလောက်သန့်အောင်လုပ်ရသလားဆိုပြီး လူကြီးတွေကိုအတော်နားမလည်နိုင်ခဲ့ဘူး
အခုကိုယ်တိုင် ရခိုင်ဟင်းတွေချက်လာတော့မှပဲ ရခိုင်ငပိချိုချိုလေးရဲ့တန်ဘိုးကိုနားလည်လာတော့တယ်
ပါဝင်ပစ္စည်း
*********
မုန့်ဖတ် ၇၅ ကျပ်သား
ရခိုင်ငပိ ၃၀ ဂရမ် (ဂုံညင်းဒိုးလတ်အရွယ်လောင်) ၂ကျပ်သားသာသာ
ငါးရွှေ ၁၀ သား
ငြုပ်ကောင်းစိ ၂၀ ဂရမ် (၁ကျပ်သားခွဲခန့်)
ကြက်သွန်ဖြူဥကြီး ၄ လုံး (အမွှာကြီး ၂၀)
ကြက်သွန်နီ ၂လုံး(ဆီကျက်ချက်ရန်)
ငြုပ်သီးစိမ်း (လိုသလောက်)
မန်ကျည်းရည်
နံနံပင်
👉🏼ရေ ၅ လီတာထဲ ငပိ+ဆား ထည့်ပြီးဆူအောင်ကြာကြာတည်ပါ (ကြာကြာတည်မှ ငပိပြုပ်အနံ့ပျောက်မည်)
👉🏼ရေနွေးတည်နေချိန်မှာ ငါးရွှေကိုအာဗန်နဲ့ကြပ်တိုက်ပါ (နှစ်သက်ကဂျင်းထောင်းအရည်+ဆားအနည်းငယ်ထည့်နိုင်/ ကျမကတော့ဆားနဲ့သာနယ်ပြီးကြပ်တိုက်ပါတယ်)
👉🏼ငါးကြတ်တိုက်နူးပြီဆို အရိုးရောအသားရော ဆုံထဲထည့်ထောင်း> အသားညက်ရင် အရိုးထွင်ပြီး ငပိ+ရေ ဆူအိုးထဲထည့်ပြီး ဆူအောင်ဆက်တည်ပါ
(ဆူပွက်နေအောင် ငပိ နဲ့ ငါးနဲ့ ကြာကြာချက်တာဖြစ်ရပါမယ် မဟုတ်ရင် ငါးညှီပြီး ငပိပြုပ်ရည်သောက်ရသလိုဖြစ်နေတတ်ပါတယ်)
👉🏼ငြုပ်ကောင်းစိကို ထောင်းပါ (အရမ်းညက်စရာအလို) ငြုပ်ကောင်းညက်ရင် ကြက်သွန်ဖြူကိုပါထည့်ထောင်းပါ
မိမိလိုချင်သလောက်ညက်သွားပြီဆိုရင် ခုနက ငါးပြုပ်ထားတဲ့ ဟင်းရည်အိုးထဲထည့်ပါ
ကြက်သွန်ထောင်းအရင်ထည့်ပြီးမှ ငြုပ်ကောင်းမှုန့်ထောင်းကိုနောက်ဆုံးမှထည့်ချင်လည်းရပါတယ်
👉🏼ဟင်းရည်အိုးတည်ထားချိန်မှာ အာပူရွက်ခတ်ချင်ရင် အာပူရွက်ခြောက်တဆုတ်ကို ရေစိမ်ထားပါ
👉🏼ဟင်းရည်ကျက်လို့အိုးချတော့မယ်ဆိုတော့မှ အာပူရွက်ခတ်ပါ၊ များများမထည့်ရ အနံ့ပြင်ပြီး ပူပူကြီးဖြစ်တတ်သည်
(အာပူရွက်မသိသူများအတွက် ပုံမှာပြထားပါတယ်-ရန်ကုန်ကရခိုင်မုန့်တီဆိုင်တွေမှာရောင်းတတ်ပါတယ်)
👉🏼အာပူရွက်မွှေးလာပြီဆိုရင်တော့ အပေါ့အငံမြည်းပြီးအဆင်သင့်စားသုံးနိုင်ပါပြီရှင်။
ရခိုင်မုန့်တီသုပ်အတွက်အနှစ်ချက်နည်း
🌶🌶🌶🌶🌶🌶🌶🌶🌶🌶🌶
👉🏼ငါးရွှေကြပ်တိုက်အရိုးနွှင်ပြီးလည်းချက်နိုင်သလို ငါးရွှေတပိုင်းကို ဆား+နနွင်းနယ်၊ ရေထည့်၊ ရေခမ်း ၍ အသားနူးအောင်ပြုပ်ပြီးအရိုးထွင်ပြီးလည်းအစိုချက်နိုင်ပါတယ်
👉🏼မန်ကျည်းသီးအစိမ်းကိုပြုတ်ပြီး အခွံနွှာ၊အစိထုတ်၊ အနှစ်ယူထားပါ/ အစိမ်းမရှိရင် အမြည့်နဲ့လည်းချက်နိုင်ပါတယ်
👉🏼ကြက်သွန်ဖြူ+နီ+ငြုပ်သီးအစိမ်း/အနီကိုအိုးကင်းပူတိုက်ပြီး ခပ်ကြမ်းကြမ်းထောင်းထားပါ
👉🏼နောက်ဆုံးဟင်းအိုးချတဲ့အချိန်အုပ်ဖို့ အာပူရွက်ခြောက်အနည်းငယ်ရေစိမ်ထားပါ
(အာပူရွက်မရှိက ပင်စိမ်းထည့်နိုင်သည်)
👉🏼ရခိုင်ငပိ သင့်ရုံလောက်ကိုရေဖျော်ထားပါ
👉🏼အားလုံးပြင်ဆင်ပြီးရင် ချက်မယ့်အိုးထဲ အရိုးထွင်ထားတဲ့ငါးရွှေ+အိုးကင်းပူတိုက်ပြီးထောင်းထားတဲ့ ကြက်သွန်ငြုပ်ထောင်း+ရခိုင်ငပိဖျော်+မန်ကျည်းသီးစိမ်းပြုပ်အနှစ် (အစိမ်းမရကအမြည့်ထည့်နိုင်)+ သကြား(ဟင်းချိုမှုန့်/ဟင်းခတ်မှုန့်အစားသုံးသည်)+ဆားသင့်ရုံ+နနွင်းအနည်းငယ် နဲ့ ရေလိုသလောက်ထည့်ပြီး အဖုံးအုပ်ကာ ဆူအောင်တည်ပါ
👉🏼ဟင်းအိုးမွှေးပြီး ဟင်းခတ်အိအိလေးဖြစ်တဲ့အချိန် အိုးမချခင်မှာ စိမ်ထားတဲ့အာပူရွက် (သို့) ပင်စိမ်းရွက်လေးအုပ် မီးပိတ်ပြီးခွင်ပေါ်မှာခဏတင်ထားပါ။
👉🏼အုပ်ထားတဲ့အရွက်တွေနွမ်းသွားရင်တော့ ရခိုင်မုန့်တီအတွက်အနှစ်ရပါပြီရှင်
ကျမတို့ရခိုင်တွေကတော့ ဒီအနှစ်ကို မုန့်တီဖတ်နဲ့သုပ်စားသလို ဟင်းတမည်အနေနဲ့လည်းထမင်းနဲ့စားပါတယ်

Image may contain: food


No photo description available.

Image may contain: food


Image may contain: food


No photo description available.