ငချိတ်ပေါင်း (ထမင်းပေါင်းအိုးဖြင့် ပြုလုပ်နည်း)


ငချိတ်ပေါင်း ပေါင်းနည်းမေးထားတဲ့သူတွေရှိလို့ ရေးပေးလိုက်ပါတယ်။ ဒီနည်းကိုတချို့ ကလဲ သိပြီးသားနေမှာပါ။ အိမ်မှာတော့ အမြဲလုပ်စားတာ ထမင်းပေါင်းအိုးနဲ့ ပါပဲ။ အလုံးလဲမပျက်ပဲ စားလို့ လဲကောင်းသလောက်လွယ်လဲလွယ်ကူပါတယ်။ ပေါင်းချောင်နဲ့ ပေါင်းစရာမလိုပဲ ထမင်းပေါင်းအိုးနဲ့ ချက်တဲ့ နည်းလေးမို့ လုပ်စားကြည့်နော်။

ပါဝင်သောပစ္စည်းများ
၁။ ငချိတ်ဆန် - ၃ ခွက် (ထမင်းပေါင်းအိုးမှာပါသော ချိန်ခွက်ဖြင့်)
၂။ နှမ်းထောင်း
၃။ ပဲပြုတ်
၎။ ပဲဆီ

ပြုလုပ်နည်း
၁။ ငချိတ်ဆန်ကို မနက်ဖြန်မနက်စားမယ်ဆိုလျှင် မချက်ခင် တညက တည်းက ငချိတ်ဆန် ၃ ခွက်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲထည့် ရေကို ရေအမှတ် ၃ မှာထားပြီး ထမင်းပေါင်းအိုးထဲမှာ စိမ်ထားလိုက်ပါ။
၂။ မနက်ကျလျှင် ထမင်းပေါင်းအိုးကို ထမင်းချက်သလို ခလုပ်နှိပ်ပြီး ချက်လိုက်ရုံပါပဲ။ (ရေပြန်လဲစရာမလိုပါ။)
၃။ ကျက်လျှင် ၁၅ မိနစ်ခန့် နှပ်ထားပါ။
၎။ ငချိတ်ပေါင်း ရလျှင် ပဲပြုတ်ထည့်၊ ဆီဆမ်း၊ ဆားရောထားတဲ့ နှမ်းထောင်းလေးဖြူးပြီး အကြော်လေးဖြင့် သုံးဆောင်နိုင်ပါပြီ။
Image may contain: food